|
MOTAA ကို မြန်မာ အသံထွက် အနေနဲ့ "မိုးတား" လို့ အသံထွက် နေပေမယ့်၊ ဒီစကားလုံးဟာ ကောင်းကင်က မိုးကို တားတဲ့ အဓိပ္ပါယ် မဟုတ်သလို၊ အခြားသော ဆက်စပ် ပတ်သက်မှုများလည်း မရှိပါ။
Modernized Oriental Technique of Accurate Astrology ကို အတိုကောက် သင်္ကေတပြုထားတဲ့ M.O.T.A.A ကို ဆိုလိုတာ ဖြစ်ပါတယ်။
တကယ်တော့ ဗေဒင်ပညာ ဆိုတာ၊ အကြားအမြင်ပညာ၊ နိမိတ် ပညာတွေနဲ့ ဆက်စပ်မှုရှိတယ် ဆိုတာကို မငြင်းနိုင်ပေမယ့်၊ သိပ္ပံနည်း အလွန်ကျတဲ့ ပညာရပ်တစ်ခုပါ။
မြန်မာတွေ ခေါ်ဆိုတဲ့ "ဗေဒင်" ဆိုတဲ့ စာလုံးဟာ သက္ကရိုက် စာလုံး "ဗေဒ" တနည်း အားဖြင့် "ဝေဒ" ဆိုတာက ဆင်းသက် လာတာဖြစ်ပါတယ်။ အင်္ဂလိပ်လို့ "Veda" လို့ ရေးတဲ့ ဒီစာလုံးဟာ "အသိဥာဏ်ပညာ (Knowledge)" ကို ဆိုလိုပါတယ်။ နောက်တစ်မျိုးအနေနဲ့ ကြည့်မယ် ဆိုလျှင်လည်း "Astrology" ဆိုတဲ့စာလုံးဟာ "Astro" နဲ့ "Logic" ဆိုတဲ့ စကား ၂-မျိုးကို ပေါင်းစည်းထားတာ ဖြစ်ပါတယ်။
"Astro" ဆိုတာဟာ ကောင်းကင်မှာ တည်ရှိနေတဲ့ နက္ခတ်တာရာ၊ ဂြိုဟ်တို့ရဲ့ လည်ပါတ်သွားလာမှုတွေကို လေ့လာတွက်ချက်တဲ့ ပညာဖြစ်ပြီး၊ Astronomy ဟာ သိပ္ပံပညာရပ် ဖြစ်တာကို မည်သူမျှ မငြင်းနိုင်ပါ။ နောက်စာလုံး ဖြစ်တဲ့ "Logic" ဆိုတာဟာ "ယုတ္တိ ဗေဒ" ဆိုတဲ့ ကြောင်းကျိုး ဆက်စပ်မှုကို လေ့လာခြင်း ဖြစ်ပါတယ်။ ဒါကတော့ ၀ိဇ္ဇာပညာရပ် ဖြစ်ပါတယ်။
ဒါကြောင့် "Astrology" ကို စုပေါင်းအဓိပ္ပါယ် ဖွင့်ဆိုလိုက်မယ် ဆိုလျှင် "ကောင်းကင်မှာ တည်ရှိနေတဲ့ နက္ခတ် တာရာ၊ ဂြိုဟ်တို့ရဲ့လည်ပါတ်သွားလာမှုတွေကို လေ့လာတွက်ချက်ပြီး၊ ကြောင်းကျိုး ဆက်စပ်မှုကို လေ့လာတဲ့ ပညာ" ဖြစ်ပါတယ်။ တကယ့်တော့ ဗေဒင်ပညာစစ်စစ်ဟာ- သိပ္ပံနဲ့ ၀ိဇ္ဇာကို အချိုးကျကျ ပေါင်းစည်း ထားတဲ့ပညာ တစ်ခုဖြစ်နေပါပြီ။
အမှန်အားဖြင့် MOTAA ဆိုတာဟာ ကောင်းကင်ကကျလာတဲ့ ထူးခြားတဲ့ နည်းသစ်တစ်နည်း မဟုတ်ပါ။ ကာလကြာမြင့်စွာ လက်ဆင့်ကမ်း လာခဲ့တဲ့ ဝေဒပညာ ခရီးလမ်းမှာ သွေဖီလာတဲ့ အချက်တွေကို ပယ်ထုတ်ပြီး မူရင်း ပညာအနှစ်သာရ စစ်စစ်ကို သိပ္ပံနည်းကျ သုတေသနတွေ့ရှိချက်တွေနဲ့ ပေါင်းစပ်ထုတ်နှုတ်ထားတဲ့ စစ်မှန်တဲ့ ပညာရပ်သာ ဖြစ်ပါတယ်။ နောက်ပိုင်း ဆောင်းပါးတွေမှာ သိပ္ပံနည်းကျ သုတေသ တွေ အကြောင်းကို ဖေါ်ပြထားပါတယ်။
|